Monday, October 7, 2013

ကဗျာများ


သစ္စာတိုင်
ဒီတောင်ရိုး
ကျားဆိုးပေါရဲ့။
မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့..။ ။
                     မူရင်း-ဆရာကြည်အောင်

မိခင် မာရသွန်
သား သယ့်  အမေ
မိုင်ရှည် တာ ဝေး
အပြေး သမား။
သားသမီးချစ်
သက်လုံ ဖြစ်အောင်
ပြောင်း ပစ် သလား။ ။

မူရင်း-ဆရာကြည်အောင် ၁၉၇၉၊ မတ်- ၂၁
( ရှုမဝ၊ ၈၁၊ ဒီဇင်ဘာ )

အတ္တရုပ်ပုံလွှာ ပုံကြမ်း
အမေက မွေး၊ ပေးတဲ့ နာမည်
ကြည်လင်
အပေါင်း အသင်း
သူငယ်ချင်း အဖော်၊ ခေါ်ကြတဲ့ နာမည်
ကြည်လင်
ကြည်လင်ဟာ
လီနင်ရဲ့ ကျမ်းပေါင်းစုံကို
ယုံကြည် မြတ်နိုး၊ အသိပျိုးတယ်။
ကြည်လင်ဟာ
ဘုန်းကြီး ကျောင်းသား
တက္ကသိုလ် ကျောင်းသား
လုပ်စား ကိုင်စား
ပြေးလွှားခဲ့ရ
ဘ၀အလွှာ၊ မျက်နှာ ပေါင်းစုံ
ဇာတ်ခုံပေါ်မှာ၊ ကခဲ့ရာ….
ဟော… ခုတော့
ကဗျာဆရာ၊ ကလောင်နာမည်
ကြည်အောင်
ကြည်အောင်ဟာ
ရီမှောင်ပြာစင်၊ စာရေးဖို့ပြင်လျှင်
ကြည်လင်နဲ့ ငြင်းခုံတယ်။
ကြည်အောင်ဟာ
ဟော်လန်ပြည်က၊ ပန်းချီဆရာ
‘ဗင်ဂိုး’
မြန်မာပြည်က၊ ကဗျာဆရာ
‘တင်မိုး’ တို့ကို နှစ်ခြိုက်သူ။
ကြည်လင်ဟာ
ရုရှားက
‘မာယာကော့ဖ်စကီ’ နဲ့ ‘ဂေါ်ကီ’
အီတလီက ပန်းချီဆရာ
‘မိုဒီဂလီယာနီ’
မြန်မာပြည်က
‘ဗန်းမော်တင်အောင်’ နဲ့ ‘ဇော်ဂျီ’ တို့ကို ဖတ်မှတ်သူ။
ကြည်လင်က
ကြည်အောင်ရဲ့
ကလောင်တလက်၊ ‘ဗားတော့ဗရက်’ လို
ထက်မြက် ထင်ရှား စေချင်တယ်။
ကြည်လင်က
ကြည်အောင်ရဲ့ ၀ိညာဉ်ထဲ
သခင်ကိုယ်တော်မှိုင်း ပန်းရနံ့
မွှေးပျံ့သင်းကြိုင် စေချင်တယ်။
ကြည်အောင်ဟာ
ကြည်အောင်ရဲ့ ရုပ်ပုံလွှာကို
ကဗျာဆရာအဖြစ် ထုလုပ်တယ်။
ကြည်လင်ဟာ
ကြည်လင်ရဲ့ ရုပ်ပုံလွှာကို
ကြည်အောင်တို့လို ကဗျာဆရာတွေက
အလေးယူစရာ
ဖြစ်လာစေဖို့၊ ‘ဆေးတို့’ ကြည့်တယ်။
ရွှေ… အနီ အပြာ အ၀ါ
ဘာရောင်တွေ ခြယ်မလဲ။
ကြည်အောင်နဲ့ ကြည်လင်တို့ရဲ့
ဝိညာဉ် ၂ ခု စစ်ခင်း
အတွင်း ပဋိပက္ခ၊ အားပြိုင်ကြ။
မာယာကော့ဖ်စကီ
မိုဒီဂလီယာနီ
ဂေါ်ကီ၊ ဇော်ဂျီ
လီနင်
ဗင်ဂိုး၊ တင်မိုး။
သခင်ကိုယ်တော်မှိုင်း
ဗန်းမော်တင်အောင်
ကြည်လင့် ရင်ထဲက…
ထာဝရ အလင်းရောင်။ ။
၁၉၇၉၊ ဒီဇင်ဘာ ၃၀။
[ကြီးပွါးရေးစာအုပ်တိုက်မှထုတ်ဝေတဲ့ ကြည်အောင်ရဲ့ မိခင်မာရသွန် ကဗျာစာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၈၅၊ ဖေဖော်ဝါရီ မှ ဖြစ်ပါတယ်။]

အချစ်
အဖိုးအိုလျှင်…..
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
အဖွားအိုက….
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော်…. သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။

မူရင်း-ဆရာကြည်အောင်(ငွေတာရီမဂ္ဂဇင်း ၁၉၆၃)

ငန်းရိုင်းတကောင်

ဟစ်ကြော် ပျံသန်း ရင်ပေါင်တန်းနေ
တောငန်း တအုပ် ၀ါဂွမ်းဆုပ်လို
လှုပ်လှုပ် ဖွေးဖွေး ဝေး ဝေး ဝေး ပေါ့
ရေးရေး မှုန်မှုန် ၀ိုးတ၀ါး။
နောက်ဆုံး နေရောင် ငန်းတကောင်ဟာ
တိမ်မှောင်တွေအောက် ငန်းအုပ်နောက်ကို
လမ်းပျောက် မှန်းမျှေုာ် တကြော်ကြော်နဲ့
ဖော်ခေါ်သံပေး ဝေး ဝေး ဝေးပေါ့
ညရေး မှိုင်းညို အမှောင် မျိုချိန်
တိမ်ပြို လျှပ်ပြက် ငန်းရိုင်းနက်ကယ်
မိုးသက် မုန်တိုင်း ဆင်တော့မယ်။
၁၉၆၇
[အမတ တရား- ကြည်အောင် ကဗျာများ စာအုပ်မှ ကူးယူဖော်ပြပါတယ်။]

မခေါ်တမ်း ကစားခြင်း
တမင်စိမ်းပြီပေါ့….
မကြင်လို့ တိမ်းချင်လဲတိမ်းပါ
ယိမ်းသလို ရှောင်သလိုနဲ့
ဟန်ဆောင်ကာမျက်မာန်တင်း
မြင်ပြင်းကပ်ဟန်တူရဲ့
ငြူစူစူခင့်နှုတ်ခမ်းက
ပန်းနှင်းဆီ မုန်းယောင်သန်း
မခေါ်တမ်း ကစားရအောင်လေ။
နောင်တော့မှ…
မောင်တော့သတိထား
ဟိုသွားဒီလာနဲ့
ကဗျာဆရာ လူတေကြီး
ဆံမဖီးမသင်နဲ့
မုတ်ဆိတ်မျှင် သူ မရိတ်
ဆေးလိပ်တို တဖွာဖွာပေါ့
ယောင်ချာချာမနေပါနဲ့
ခင်ကလေ… မောင့်ကိုမုန်းပါဘု
ရှက်ပြုံးကာ လာမချော့လှာနှင့်
မောင့်မှာလေ… တအားလျော့ပြီ
ခုတော့ တေပေ။
မောင်ရယ်…. လိမ်လိမ်မာမာနဲ့
ခင်ပြောတာ နားထောင်စမ်းပါ
ဒီကလဲသူ့ကိုလွမ်းရတာဘဲ
မခေါ်တမ်းကစားပွဲကို
ရပ်စဲကြစို့လေ….
မျက်ရေနဲ့ ခင့်စကား။
ချစ်သူကပြောတော့…
လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
ဆေးလိပ်တောင် ဖြတ်ပစ်မယ်
အချစ်မကြိုက်ယင် မောင်မသောက်ပါ
နောက်တော့သာ… မခေါ်ချင်သလိုနဲ့
ခင်… တမင် ငြိုငြင်တိမ်းပြီး
စိမ်းနဲ့ သိလား။
၁၉၆၃ ခု။
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပထမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိုဝင်ဘာ မှ  ဖြစ်ပါတယ်။}

လမင်းတရာ
လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။
တရုတ်ပြည်မှ…..
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။
ဆိုဗီယက်မှ…..
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။
တိုင်းအီဂျစ်၏…..
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။
မစ္စစ္စပီ၊ မြစ်နဒီဝယ်…..
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။
အိန္ဒိယ၏…..
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလ,ရိပ်၊ လျောင်းပျော်အိပ်လျက်။
ပြည်မြန်မာ၏…..
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း…..
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။
ကမ္ဘာမြေပေါ်…..
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။
နယ်ချဲ့ကင်းမှ…..
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။
နယ်ချဲ့ကင်း၍…..
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။
ကြည်အောင်
၁၉၆၃

နိဗ္ဗာန်ဈေး
လာခဲ့ပါ့ကိုရင်ရယ်၊
တန်ဆောင်တိုင်နိဗ္ဗာန်ဈေး
ခေါ်ကျွေးဘူးကွယ်။
မုံ့လုံးကချိုတယ်၊
လာမယ်နော်ဟုတ်လား။
မလေးခင်ခေါ်စကား
ချိုမြလှသား။
ကလေးတို့ စားကြကွယ်၊
ရွာဘုံလှူ နိဗ္ဗာန်ဈေးမို့
လွေးလိုက်ကြတယ်။
လေးခင်က မုံ့ညက်နယ်၊
ဆယ်ပါဟ မိလှမျိုး။
ရေနွေးဆူမုံ့လုံးပွက်အောင်
မီးဆက်ကာထိုး။
ရွာလယ်ရပ်အဖွားသီ၊
ပတီးကိုင်တရားဖက်
သက်ရာကျော်ပြီ။
ရေပေါ်မုံ့ချိုဆိမ့်အီ၊
ခွေးနီရေ သွားပို့စမ်း။
လျှာရသာ တမျိုးထူးအောင်
ဖြူးလိုက်ပါနှမ်း။
မင်းသားဟန်လူညိုနွဲ့
လေးခင်ရဲ့ကိုရင်ညို၊
တန်ဆောင်တိုင် လပြည့်ဝန်းနှယ်
ရွှန်းမြလို့ချို။
ဝါးပလွေတို၊ လေချိုကတေး၊
ကျော်ထွေးငယ် အဖော်မွန်က
ခွန်နှစ်သံ ငါးပေါက်တွဲလို့
ဟဲလိုက်တယ်လေး။
နိဗ္ဗာန်ဈေး ရွာဘုံလှူ၊
စေတနာမွှေးပျံ့သင်း
စိတ်ရင်းကြည်ဖြူ။
သွားကြစို့ အတူတူ၊
ကိုယ့်လူလဲလိုက်ခဲ့။
ကျော်ထွေးငယ်အစားပုပ်က
လိုက်ချင်ပေါင် တွန့်ဆုတ်ဆုတ်နဲ့
ဟန်လုပ်သတဲ့။
လေးခင်ကဆီးလို့ကြို၊
အပျိုကြီး မဂေါက်တေးက
မေးငေါ့သကို။
ချစ်သူများ မနာလို၊
အပျိုကြီးစိတ်ထား။
ကလေးငယ်အချိုကြိုက်ယင်လဲ
ရိုက်တတ်တယ်လား။
စားလိုက်အုံး ကိုရင်ညို၊
စေတနာပီတိဖုံးလို့
မုံ့လုံးကချို။
လေးခင်ပျို၊
ပိုလိုက်သည့် ချစ်လောကွတ်။
ပန်ဆင်သူ ဆွတ်ချွေခူးဖို့
ကြာဖူးကညွတ်။
တရှူးရှူး တရှဲရှဲ
မျက်ရည်ရွှဲပြုံးမလို၊
မုံ့လုံးချို ငရုတ်စပ်နဲ့
နှပ်ကြပြီကို။
လူဟန်နွဲ့ကိုရင်ညို၊
စိတ်မတိုပြုံးနိုင်သား။
ချစ်ဦးပျိုသူ့ခင်လေးက
တွေးလို့သနား။
အပျိုကြီး မဂေါက်တေး
ဆေးပေါ့လိပ် ပြုံးလို့ရှူ၊
ကိုရင်ညို ငရုတ်စပ်တော့
ကျေနပ်သည့်မူ။
မဂေါက်တေး ကြိုက်မဲ့သူ၊
ဤဇမ္ဗူအရှားသား။
ယစ်ထုပ်မောင် ထန်းတောစားနဲ့
ညားလိမ့်မယ်လား။
လူထုသတင်းစာ၊ ၁၉၆၁ ခု။
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပထမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိုဝင်ဘာ မှ ဖြစ်ပါတယ်။}

No comments:

Post a Comment